ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရေး အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ဒေါတမ ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၇၀ပေ x ၃၀ ပေ) RC နှစ်ထပ်စာသင်ဆောင်အသစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူ များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဈေးပိုင်းရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် နှစ်ထပ်ဈေးသို့ သွားရောက်ကြည့်ရှုပြီး ပျက်စီးနေသည့် ဈေးအဆောက်အအုံများ ပြန်လည်ပြင်ဆင် တည်ဆောက်နိုင်ရေး ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဈေးဆိုင်ခန်း များတွင် ဈေးသူဈေးသားများ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ဈေးပိုင်းရပ်ကွက်အတွင်း အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ်များအား မြို့တော်အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ်မှုရှိအောင် စနစ်တကျဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ် မြေစာရင်း ဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်မြေစာရင်းရုံး (၁၀၀ပေ x ၅၆ ပေ) RC တစ်ထပ်အဆောက်အအုံသစ် တည်ဆောက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးပြီး ရုံးသုံးပရိဘောဂများ ပြည့်စုံစွာထည့်သွင်း၍ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စနစ်တကျဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
