အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ (၃၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား

ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၃၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်း ကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္က ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ၏ မေတ္တသုတ် အစချီသော ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်မှုကို နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီးက ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံသို့လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးက ဟော်ကြီးကျောင်းတိုက်ဆရာတော်ထံသို့လည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက ကြွရောက်လာကြသည့် ပင့်ကျောင်း ဆရာတော်များထံသို့ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို  ဆုတောင်းခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 
ယခု အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ များနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေကျပ် ၁၄၀၆၁၆၇၀၀ ဖြင့် ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၁၅ ကျောင်းအတွက် ပဒေသာပင် ၁၁၈ ပင်အား လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။
ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းမဟာဘုံကထိန် လှည့်လည်ခြင်းအား ယမန်နေ့က ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်မှ ကန္ဒရဝတီလမ်းမကြီးအတိုင်း ထိုမှတစ်ဆင့် တောင်ကွဲစေတီတော်မြတ်၊ သီရိမင်္ဂလာဈေးနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ အတွင်း တိုင်းရင်းသားရိုးရာအတီးအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များဖြင့် စည်ကား သိုက်မြိုက်စွာ လှည့်လည်ခဲ့ကြကြောင်းသိရှိရသည်။