လွိုင်ကော်မြို့၌ တိုင်းရင်းသားရေးရာ အသိပညာပေးအစီအစဉ် ကျင်းပ
ကယားပြည်နယ် တိုင်းရင်းသားရေးရာ အသိပညာပေးအစီအစဉ်ကို ယနေ့နံနက် ၁ဝး၀၀ နာရီအချိန်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားပြည်သူများ သိရှိနားလည်သဘောပေါက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင် စေရန် ရည်ရွယ်၍ တိုင်းရင်းသားရေးရာ အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်တွင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် နေ့ထူးနေ့မြတ်ကို ထိန်းသိမ်းခြင်း၊ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းဆောင်ရွက်ခြင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ် များတွင် ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခွင့်များကို သိရှိစေရန် အသိပညာပေး ဟောပြောသည်။
အဆိုပါအစီအစဉ်တွင် တက်ရောက်လာသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များနှင့် အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
