Skip to main content
x

ကယားပြည်နယ်အတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်၊ စိုက်ပျိုးရေးဓာတ်ခွဲခန်းပြုပြင်ပြီးစီး၊ တန်ဖိုးနည်းအိမ်ရာများအတွက် သစ်များသယ်ဆောင်ရောက်ရှိ

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အားမြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် မြို့ဝင်မြို့ထွက်လမ်းများနှင့်မြို့တွင်းလမ်းများ ပိုမိုကောင်းမွန်လာပြီး အများပြည်သူ သွားလာရေး လွယ်ကူချောမွေ့စေရန်အတွက် လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကယားပြည်နယ် စည်ပင်သာယာရေး အဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လောဓမ္မရပ်ကွက်၊ ဒေါတမရပ်ကွက်နှင့် နမ့်ဘော်ဝမ် (က) နှင့် (ခ) ရပ်ကွက်တို့ကို ဖြတ်သန်းဖောက်လုပ်ထားသော မြကန်သာလမ်း အရှည် ၃၂၀၀ ပေ အကျယ် ၂၄ ပေအား ကတ္တရာကွန်ကရစ်ခင်းခြင်းနှင့် လမ်းပခုံးကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အရည်အသွေးစစ်ဆေးရေး အဖွဲ့များက လုပ်ငန်းစဉ် အဆင့်ဆင့်အား စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချ ရေးဌာနခွဲသို့ သွားရောက်ပြီး အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြေ၊ မျိုး၊ ပိုး ဓာတ်ခွဲခန်းအဆောက်အအုံ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်မြေဩဇာနှင့် မြေဆီလွှာဓာတ်ခွဲခြင်းလုပ်ငန်းများ၊ သီးနှံများတွင်ကျရောက်သည့် ပိုးမွှားရောဂါဓာတ်ခွဲခြင်းနှင့် မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းများပြန်လည်ဆောင်ရွက် သွားရန်နှင့် လိုအပ်သည့်လုပ်ငန်းသုံးပစ္စည်းကိရိယာများကို ပြန်လည်ဖြည့်ဆည်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူရပ်ကွက်ရှိ  မြန်မာ့သစ် လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသို့ သွားရောက်၍ ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများအတွက် တန်ဖိုးနည်း အိမ်ရာဆောက်လုပ်ရန် သစ်ခွဲသားများ ပထမအကြိမ်ရောက်ရှိမှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး သစ်များစနစ်တကျနေရာချထားရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ သတ်မှတ်တန်ချိန် ပြည့်မီစေရေး၊ ကျန်ရှိသည့် သစ်တန်ချိန်များကိုလည်း သတ်မှတ်ကာလအတွင်း အမြန်ဆုံး ရောက်ရှိနိုင်ရေးဆောင်ရွက်ရန်နှင့်  အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းများကို စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရသည်။