အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ လွိုင်ကော်တပ်နယ် ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် အနာဂတ်မျိုးဆက်သစ်များ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း၌ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း ၊ ကျောင်းများတွင် ဆရာနှင့်ကျောင်းသား အချိုးညီညီဖြင့် ပညာသင်ကြားနိုင်ရေး ၊ စာသင်ဆောင်နှင့် သင်ကြားရေး အထောက်အကူပစ္စည်းများ ပြည့်စုံစေရေးနှင့် နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ကျောင်းသား ၊ ကျောင်းသူများ အတန်းပညာ ၊ အတတ်ပညာနှင့် အသိပညာများမြင့်မား လာစေရေး အတွက်သက်ဆိုင်ရာ ဌာနများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းအကျိုး တော်ဆောင်များ ၊ ကျောင်းသား မိဘများအနေဖြင့် အမျိုးသား တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားမှု ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှု ၊  သက်မွေးပညာကျောင်း အပါအဝင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် ဆောင်ရွက်ထားမှု အခြေအနေများနှင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အခြေခံပညာကျောင်းများတွင် နှစ်ချို့ကင်းကွာ ကျောင်းသား ၊ ကျောင်းသူများအား ကျောင်းအလိုက် (Placement Test) ပြုလုပ်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ (KG+9) အောင်မြင်ထားသော ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် လွိုင်ကော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည့် သက်မွေးပညာရပ်တစ်ခုဖြစ်သည့် စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်)တွင် တက်ရောက်သင်ကြား နိုင်ကြောင်းသိရသည်။