အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ လွိုင်ကော်မြို့ ၊ အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌  ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးငယ်များကို ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး တွင် ပါဝင်ထမ်းဆောင်နိုင်သည့် အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် မိမိတို့၏ ဘဝကို မိမိတို့ အစွမ်းအစနှင့် ရပ်တည်နိုင်ရန် ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေး လျက်ရှိကြောင်း ၊ သင်တန်းက သင်ကြားတတ်မြောက်ထားသည့် လက်မှုအတတ်ပညာများကို မိမိတို့ဒေသအလိုက် လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိတို့ပြည်နယ်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ၊ အခြေခံသင်တန်းများ ပြီးမြောက်ပါက အဆင့်မြင့်သင်တန်းများကို ဆက်လက်တက်ရောက်နိုင်ရေးနှင့် အထည်ချုပ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေးအတွက် စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ဘာသာရပ်များ ၊ နေထိုင် စားသောက်ရေးကိစ္စရပ်များအတွက် ဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ သည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလအတွင်း သင်တန်းသူများအတွက် ထောက်ပံ့ ငွေစုစုပေါင်းကျပ် (၁၆)သိန်း(၅)သောင်းကို ပေးအပ်ခဲ့ရာ သင်တန်းသူ(၂)ဦးက လက်ခံရယူခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

၎င်းနောက် အိမ်တွင်းမှုသင်တန်းကျောင်းမှ ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများ ၊ အိမ်တွင်းမှုသင်တန်းကျောင်း၏ ခေတ်မီဒီဇိုင်းလက်ရာများကိုလည်းကောင်း ၊ စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် သင်တန်းခန်းမများ ၊ အိပ်ဆောင်များ ၊ စာကြည့်တိုက်နှင့် စားရိပ်သာဆောင်များကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအတွင်းရှိ ဌာနပိုင်စက်ယန္တရားများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ၊ ညွှန်ကြားရေးမှူး ရုံးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင် က ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနနှင့်ဝန်ထမ်းများ၏ လုံခြုံရေး ကိစ္စများရပ်များကို အထူးဂရုပြုကြရန် ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်း များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဝန်ထမ်းများ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။