အဓိကအကြောင်းအရာသို့ သွားမည်
x

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာ စကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲကြီးကို (ဗဟို) အဆင့်တွင် ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပပြီး အနုပညာရှင်မျိုးဆက်သစ်များကို စနစ်တကျ ရွေးချယ်ဖော်ထုတ်ပေးခဲ့ကြောင်း ၊ အနုပညာ အရည်အသွေး ပြည့်ဝစေရန် ပြိုင်ပွဲဝင်များအား သက်ဆိုင်ရာ ဘာသာရပ် နည်းပြများဖြင့် အနီးကပ် သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း ၊ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ အနေဖြင့် ယခင်နှစ်ထက်သာလွန်သည့် အောင်မြင်မှုများနှင့် ပြည်နယ်ဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးရရှိစေရေး ကြိုးစားယှဉ်ပြိုင်ကြစေရန် ရည်ရွယ်၍ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်လိုက်ပါကြောင်းနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုဆုများ ထိုက်တန်စွာ ထပ်မံချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က  ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ကိုပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း ၊ ပြိုင်ပွဲဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ အဖွဲ့အုပ်ချုပ်သူက လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (ဗဟို)အဆင့် ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အဖွဲ့များက ဝတ်စုံပြည့် ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှုအားပေး ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။