ကယန်း(ပဒေါင်)သည် ကယန်းတိုင်းရင်းသား ၏မျိုးနွယ်စုဝင် တစ်ခုဖြစ်ပြီး ကယားပြည်နယ် အတွင်းရှိမြို့နယ်များဖြစ်သောလွိုင်ကော်၊ဒီးမော့ဆို နှင့် မယ်စဲ့မြို့များတွင် အများဆုံး နေထိုင်ကြပြီး ရွာသစ်မြို့တွင်လည်း အနည်းငယ်စီ နေထိုင်ကြ သည်။ ကယန်း(ပဒေါင်) မျိုးနွယ်စု၏ ထင်ရှားသော ပွဲတော်များမှာ တံခွန်တိုင်ပွဲတော် ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူး ပွဲတော်တို့ ဖြစ်သည်။ ထူးခြားသည့် ပွဲတော်နေ့ ဖြစ်သည့် ကယန်းအမျိုးသားနေ့ကို အခြား ကယန်းမျိုးနွယ်စု များနှင့် အတူတကွကျင်းပကြသည်။ ယခုအခါတွင် ကယန်း(ပဒေါင်)မျိုးနွယ်စုအစား ကယန်း(ကခေါင်း) မျိုးနွယ်စုဟု ပြောင်းလဲသတ်မှတ် ခေါ်ဆိုကြသည်။
ကယန်း(ပဒေါင်)အမျိုးသမီးငယ်များသည် အသက်(၄)နှစ်အရွယ်သို့ရောက်လာလျှင် ကြေးခွေ စတင်ရစ်ပတ်ကြသည်။ မိဘများက မိမိတို့၏ သမီးငယ် ကြေးခွေရစ်ပတ်ချိန်ရောက်ပြီဟု ယူဆ လျှင် ရွာထဲ၌ နတ်ဆရာ (သို့) ကြေးခွေပတ် ကျွမ်းကျင်သူအမျိုးသမီးကြီး ထံသို့ သွားရောက်၍ ကြေးပတ်မည့်အကြောင်း ပြောဆိုရသည်။ ထိုသို့ သွားရောက်ပြောဆိုရာ၌ ကြက်ပျိုမတစ်ကောင် ကိုပါလက်ဆောင်အဖြစ် တစ်ပါတည်း ယူဆောင် သွားရသည်။ ကြေးခွေပတ်မည့်သူက ကြေးပတ် မည့်ရက်ကို သတ်မှတ် ရွေးချယ်ပေးသည်။ ရက်ရွေးရာတွင် လဆန်း၊ လပြည့်ရက်များကိုသာ သတ်မှတ်ရွေးချယ်ရ၏ လဆုတ်၊ လကွယ်ရက် များတွင် ပတ်မိပါက ထိခိုက်ဒဏ်ရာရတတ်ပြီး အနှောင့်အယှက်များ တွေ့ရတတ်သည်ဟု ယူဆကာ ထိုရက်များကို ရေှာင်ကြသည်။ ယခုတွင် ကြေးဝါရှားပါးမှု ကြောင့်လည်းကောင်း၊ ခေတ်ရေစီးကြောင်းကြောင့် လည်းကောင်း ကြေးပတ်သူနည်းပါး လာပါသည်။
ကြေးပတ်နေသော ကယန်း(ပဒေါင်) အမျိုးသမီး
ရှေးအခါက ကယန်းလူမျိုးတို့သည် မကြာခဏ ပြောင်းရွှေ့သွားလာကြရသည့်အတွက် အဖိုး တန်သောရွှေ၊ ငွေများ မပျောက်စေရန် ရွှေကို အချောင်းပြုလုပ်၍ လည်ပင်းတွင် ရစ်ပတ်ထား ကြသည်ဟု ပြောစမှတ်ပြုကြသည်။ ရွှေရှားပါး လာသောအခါ ရွှေအစား ကြေးဝါကိုအသုံး ပြုလာကြသည်။ ကယန်း (ပဒေါင်) အမျိုးသမီး ၏လည်ပင်းနှင့် ခြေထောက်တို့တွင် ရစ်ပတ် ဝတ်ဆင်ထားသော ကြေးခွေများမှာ အခေါင်းပိတ် များဖြစ်၍ စုစုပေါင်း အလေးချိန် (၇)ပိဿာ အထိ ရှိတတ်သည်။ လည်ပင်းတွင် ရစ်ပတ်ထားသော ကြေးခွေ အရေအတွက်မှာ (၁၈)ရစ်မှ (၂၄)ရစ် ထိရှိပြီး ခြေထောက်တွင်မူ (၁၅)ရစ်မှ (၃၀)ရစ် ထိပတ် ထားလေ့ရှိကြသည်။ အမျိုးသမီးများ၏ အသက်အရွယ်အလိုက် ကြေးပတ်မှု အနည်း အများရှိပါသည်။