အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍ၌ တာဝန်ထမ်းဆောင်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အဓိကကျ ပါကြောင်း ၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ်သည့်အပြင် တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဦးစီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပေးရသည့် ဌာနဖြစ်သောကြောင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် စံနမူနာပြ ဝန်ထမ်း ကောင်းများ ဖြစ်အောင်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တာဝန်ထမ်းဆောင်ရာတွင် အထက် အဆင့်ဆင့် ကွပ်ကဲကြီးကြပ် ဆောင်ရွက်နေခြင်းဖြစ်၍ ခေါင်းဆောင်ကောင်းစိတ်ဓါတ်နှင့် မိဘသဖွယ် စိတ်ဓါတ်ကို အခြေခံ၍ အထက်အောက်အပြန်အလှန် လေးစားတန်ဖိုးထားပြီး ကောင်းမွန်သည့် စီမံ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ်ရရှိသော ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများအတွက် ထောက်ပံ့ငွေများအား လည်းကောင်း ပေးအပ်ခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ဌာနနှစ်ပတ်လည်နေ့အတွက် ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဝန်ထမ်း များအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့သည်။
၎င်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း Video Clip ပြသခဲ့ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ရှမ်းတိုင်းရင်းသားရိုးရာအကနှင့် တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်သီချင်းဖြင့် ပြန်လည်ဂုဏ်ပြုကပြဖျော်ဖြေသီဆိုခဲ့ကြကာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကပြဖျော်ဖြေသီဆိုခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့သည်။
(၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အရုံဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ၊ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း ၊  ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။