လွိုင်ကော်မြို့၌ ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကျင်းပ၊ ဟေမာန်ဦးဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
၂၀၂၆ ခုနှစ်၊ ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၊ စဉ်ဆက် ပညာရေးလုပ်ငန်းသည် ကယားပြည်နယ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ ပညာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါ ကြောင်း၊ အခြေခံစာတတ်မြောက်ရေးသည် ပညာရေးခရီးလမ်း၏ အစသာဖြစ်ပြီး သင်ယူ တတ်မြောက်ထားသည့် အရေး၊ အဖတ်၊ အတွက်စသည့် စာပေအသိပညာများ မေ့ပျောက်မသွားစေ ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဆက်လက်မြှင့်တင်ပေးရန် မဖြစ်မနေလိုအပ်ကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ရွာအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက မိမိတို့အကျိုး၊ ဒေသအကျိုး အတွက် စဉ်ဆက်ပညာရေးလုပ်ငန်းကို တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးဆပ် ကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် နည်းပြနှစ်ဦးက အသီးသီး လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နည်းပြနှင့် ကြီးကြပ်များသုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးက လက်ခံရယူသည်။
ယင်းနောက် လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စေတနာပန်းတို့လန်းရာမြေ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးက အဖွင့်သီချင်းနှင့် အပိတ်သီချင်းတို့ကို သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပ၍ ပြည်နယ်အတွင်း ထူးချွန်သည့် ဂေါက်သီးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ဟေမန်ဦးဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က လွိုင်ကော်မြို့ ကန္ဒရဝတီဂေါက်ကလပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ပြိုင်ပွဲအား Smoke ball ရိုက်၍ စတင်ဖွင့်လှစ်ပေးသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကစားသမားများအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူ များအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကျား ၁၁၀ ဦးနှင့် မ ၅ ဦး စုစုပေါင်းပြိုင်ပွဲဝင် (၁၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
