အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အပါအဝင်မြို့နယ် (၆)ခုမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်ဆီထောက်ပံ့ပေးအပ်၊ စံပြကြက်ခြံများတွင် ဥစားကြက်များ မွေးမြူဆောင်ရွက်မှု ကြည့်ရှု စစ်ဆေး

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် လွိုင်ကော်မြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်နှင့် မော်ချီးဒေသတို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က အဖွင့်အမှာစကားပြောကြားရာ၌  ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် မိမိတို့၏ နေအိမ်များမှ ယာယီနေရပ် စွန့်ခွာလာခဲ့ကြရသည့် ပြည်သူများ လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အထောက်အကူပြုနိုင်ရန်၊ ပြည်သူများအတွက် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရန်နှင့် လိုအပ်ချက် များကို သိရှိပြီး အစိုးရတစ်ရပ်အနေနှင့် တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက် နေထိုင်သည့် ပြည်သူများစနစ်တကျနေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြန်လည် ဝင်ရောက်နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ် မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးနှင့်  မိမိတို့၏မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့်၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မိမိတို့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ အားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့မှ ပြည်သူများအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကိုယ်စား လှယ်အသီးသီးက လက်ခံရယူကြသည်။ 
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  လွိုင်ကော်မြို့ ရွာတန်းရှည် ရပ်ကွက်၊ ပန်ကန်းကျေးရွာ၊ ဘုရားနီကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဖားဆောင်း မြို့နယ်၊ မယ်စဲ့မြို့နယ်နှင့် မော်ချီးဒေသတို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ဆီများ  အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများကိုယ်စား ပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 
ဆက်လက်၍ တက်ရောက်လာကြသည့် နေရပ်စွန့်ခွာပြည်သူများက လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အချက်များတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ်အပါအဝင် မြို့နယ် (၆) မြို့နယ်မှ တက်ရောက်လာသည့်  ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။ ယခု အခမ်းအနားတွင် နေရပ်စွန့်ခွာပြည်သူ စုစုပေါင်း ၆၆၁၈ ဦး တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် (၆) ပြည်၊ ဆီ (၅၀) ကျပ်သားနှုန်းဖြင့် ဆန် (၅၆၀) အိတ်နှင့် ဆီ ၁၁၂၁ ပိသာ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ရေနီကန်ကျေးရွာသို့ သွားရောက်ပြီး ပြည်နယ်အတွင်း ကြက်ဥစားသုံးမှုဖူလုံရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် ဥစားကြက်ကောင်ရေ(၂၅၀၀)ဆံ့ မွေးမြူရေးခြံ (၂)ခြံတွင် ထည့်သွင်းမွေးမြူမည့်ကြက်ကောင်ရေ (၅၀၀၀) ရောက်ရှိမွေးမြူထားရှိမှုကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ချက်များအတိုင်းစနစ်တကျ မွေးမြူနိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းပြီး အနံ့အသက်ကင်းရှင်းရေး၊ တိရစ္ဆာန်ရောဂါများ ဖြစ်ပွားကျရောက်မှု မရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။