ကယားပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်၊ (၃၈) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လိုက်ပါလျက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများ၊ အားကစားရုံ၊ အားကစားကွင်း များ စနစ်တကျဖြစ်စေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့တွင်း လမ်း၊ ဒေါဥခူရပ်ကွက် အမှတ် (၆) လမ်း (ဦးနီလမ်းမှ ခိုင်လုံးရွှေလမ်းအထိ) အကျယ် (၅ ဒဿမ ၅ မီတာ) အရှည် (၃၁၀ မီတာ) အား ကတ္တရာ ကွန်ကရစ် (AC) လမ်းခင်းခြင်းနှင့် အမာခံလမ်းပခုံးခင်း ကြိတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများ အား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ပြည်နယ်အားကစားကွင်းနှင့် ပတ်ဝန်းကျင်တွင် ချုံမြက်များ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖူဆယ်အားကစားရုံ၊ အားကစားရုံအမှတ် (၂)၊ အထူးတန်း ပွဲကြည့်စင်၊ ကစားသမားအိပ်ဆောင်များ၊ လူထုပွဲကြည့်စင်နှင့် ရုံးခန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် အားကစားကွင်း ဖြစ်သည့်အလျောက် အားကစားရုံများနှင့် ပွဲကြည့်စင်များအား သတ်မှတ်ထားသည့်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး စနစ်တကျပြုပြင် ဆောင်ရွက်ရန်နှင့် အိပ်ဆောင်များ၊ အားကစားရုံနှင့်ရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၃၈) နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းနေမှုကို သွားရောက်ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။ စုပေါင်းသွေး လှူဒါန်းပွဲ တွင် ဝန်ထမ်း (၂၈) ဦးပါဝင် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
