အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားနှင့် တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၆ ခုနှစ် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားနှင့် တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော် သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ပဒေသာပင်လှည့်လည်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်ကျင်းပခြင်းနှင့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကျင်းပခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ကော်မတီတာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးပေါင်းစပ်ထားသည့် ပွဲတော် တစ်ခုဖြစ်သည်နှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပခြင်းအားဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း မြှင့်တင်နိုင်သလို ပြည်သူများအကြား ပျော်ရွှင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကိုလည်း တိုးတက်ခိုင်မာ စေရန် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မီးဘေးအန္တရာယ်၊ လူစုလူဝေးကြောင့်ဖြစ်နိုင်သည့် အန္တရာယ်များနှင့် လုံခြုံရေးအန္တရာယ်များကို အထူးအလေးထားရန်နှင့် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များကိုလည်း စနစ်တကျ တာဝန်ပေးဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဆပ်ကော်မတီအလိုက် လုပ်ငန်းများကို အချိန်မီပြီးစီးရေးအတွက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို တင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။