အဓိကအကြောင်းအရာသို့ သွားမည်
x

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး ရှိပြီး တက်ရောက်သူ (၁၀၀) ရာခိုင်နှုန်းရှိသည့်အတွက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပ ကြောင်း ကြေညာခဲ့သည်။    
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မှုအခြေအနေ တင်ပြချက် ကို အတည်ပြု မှတ်တမ်းတင်ခဲ့သည်။  
ထို့နောက် ဦးစိုးညွန့် ရှားတောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂)၊ ဦးစိုးရယ် ဘောလခဲ မြို့နယ်ကိုယ်စားလှယ် အမှတ် (၁)၊ ဦးစောဒီးဒီ ဘောလခဲမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) နှင့် ဦးဇော်မင်းဦး မယ်စဲ့မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) တို့က ကြယ်ပွင့်ပြမေးခွန်း (၁) ခုစီမေးမြန်းပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက အသီးသီးပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်းပြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ အမှာစာတင်သွင်းသည်။ 
ဆက်လက်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီက စိစစ်တွေ့ရှိချက်အပေါ် သုံးသပ်အကြံပြုတင်ပြခဲ့ကြသည်။ 
ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) ရပ်နားကြောင်းနှင့် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို အောက်တိုဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။