အဓိကအကြောင်းအရာသို့ သွားမည်
x

ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ

ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် နေရာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ရေဝင်ရောက်ခဲ့ သည့် ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုများနှင့် စပ်လျဉ်း၍ အခြေခံစာရင်း အချက်အလက် များမှန်ကန်စွာရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက် ပေးရန်၊ ဘီလူးချောင်းရေ ထပ်မံမြင့်တက်ပြီး ရေဝင်ရောက်နိုင်မည့် ရပ်ကွက် ကျေးရွာများရှိ အိမ်ထောင်စုများအား ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီက အချိန်နှင့်တစ်ပြေးညီ စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားကြရန် ၊ ရေများ ပြန်လည်ကျဆင်းသွားသည့် ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်၍ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရေး အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သက်ဆိုင်ရာ မြို့နယ်များအလိုက် ရပ်ကွက်ကျေးရွာများအတွင်း ရေဝင်ရောက်မှုနှင့် ရေပြန်လည်ကျဆင်းရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ၊ ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးမည့် အစီအမံများကို လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဦးစီးဌာနအလိုက် ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ အစီအမံများနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြမှုများ အပေါ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။