အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး နှင့် ရေဝင်ရောက်သည့်ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကယား ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကွပ်ကဲရေးရုံး၌  လွိုင်ကော်မြို့ အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှု လုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင်  လွိုင်ကော်မြို့အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက် ၊ ကျေးရွာ အချို့ရှိ စပါးစိုက်လယ်ဧကများ ၊ ငါးမွေးမြူရေးကန် နှင့် လူနေအိမ်အချို့ တွင် ရေဝင်ရောက်လျက်ရှိရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် အချက်အလက်စာရင်းဇယားများ ကောက်ယူရန်လိုအပ်ကြောင်း ၊ ရေဆက်လက်မြင့်တက် လာပါက ရေနှစ်မြှုပ်နိုင်သည့် နေအိမ်များရှိ ပြည်သူများအား ကြိုတင်စီစဉ်ထားသည့် ယာယီခိုလုံရေးစခန်းများသို့ အမြန်ဆုံး ပြောင်းရွှေ့နေရာချထားပေးနိုင်ရေးနှင့် လိုအပ်သည် များ ထောက်ပံ့ကူညီပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မှုံပြာကျေးရွာရှိ စပါးခင်းများရေဝင်ရောက်မှု ရှိ ၊ မရှိ အခြေအနေများကို ကြည့်ရှုကာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက မှုံပြာကျေးရွာ၏ စပါးစိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များမှာကြားခဲ့ပြီး တောင်သူများအား ဒုတိယ သီးနှံအဖြစ် စိုက်ပျိုးမည့် ရေဆင်း(၁)စပ်မျိုးနေကြာအိတ်များကို လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

          ဆက်လက်ပြီး ရေဝင်ရောက်လျက်ရှိသည့် မှုံပြာကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေများပြန်လည်ကျဆင်းသွားပါက ငါးကန်အား အမြန်ဆုံးပြင်ဆင်၍ ငါးမျိုးများ ပြန်လည်ထည့်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ် လာပါကကူညီ ဆောင်ရွက်ပေးနိုင်ရန် အသင့်ရောက်ရှိနေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် အာဟာရစားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် မှုံပြာဖောင်တော်ဦး ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ‌ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ကျေးရွာနေပြည်သူများ၏ နေအိမ် ၊ စပါးစိုက်ခင်းနှင့် စိုက်ပျိုးသီးနှံ စိုက်ခင်းများအတွင်း ရေဝင်ရောက်မှုအခြေအနေများမေးမြန်းဆွေးနွေးခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ ဘီးလူးချောင်း ရေဝင်ရောက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြကာ ရပ်ကွက်အတွင်းရှိပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ကူညီထောက်ပံ့ပေးသွား မည့်အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ထို့နောက် နမ့်ကွတ်ရပ်ကွက်အတွင်း ဘီလူးချောင်းရေမြင့်တက်လာပါက ရေနစ်မြှုပ်မှု မရှိရန် ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိ ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာ ကောင်းမွန်စေရေးအတွက်  ပြည်နယ်ဆည်မြောင်း ဦးစီးဌာနကကြီးကြပ် ဆောင်ရွက်လျက် ရှိသည့် ဘီလူးချောင်းတစ်လျှောက် အမှိုက်သရိုက်များနှင့် သဲနှုန်းများ ဆယ်ယူနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို မြို့နယ်အတွင်း ဘီလူးချောင်းတစ်လျှောက်ရှိ ရပ်ကွက် ၊ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုရှိ ခဲ့သော်လည်း  လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။