အဓိကအကြောင်းအရာသို့ သွားမည်
x

နေကြာမျိုးစေ့အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူများအား နေကြာမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ခြင်း နှင့် ယူရီးယားဓါတ်မြေဩဇာ များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက  လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်များရှိ နေကြာစိုက်တောင်သူများ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  ပြည်နယ်အတွင်း ဆီထွက်သီးနှံနေကြာများ စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံလာစေရန်ရည်ရွယ်၍ တောင်သူများအတွက် ဆောင်းနေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးအပ်ပြီး ယူရီးယားဓာတ် မြေဩဇာများကို သက်သာသည့် နှုန်းထားများဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း ၊ အဓိက စိုက်ပျိုးသီးနှံများအနက် စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံများကို တိုးချဲ့စိုက်ပျိုးခြင်းနှင့် တစ်ဧက အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်အတွင်း ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရရှိနိုင် မည်ဖြစ်ကြောင်း ၊ ဆောင်းနေကြာစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး အတွက် ကြိုးစားစိုက်ပျိုးပေးကြစေလိုကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ရှေ့ရှုပြီး လုပ်ငန်းလိုအပ်ချက် များကို စိုက်ပျိုးရေး ရာသီများအလိုက် ကဏ္ဍမျိုးစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး  ဦးသန်းလှိုင် က နေကြာ စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းအကြောင်းကို  Power Point ဖြင့် တောင်သူလယ်သမား များအား အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်ရှိ နိုးကိုး ကျေးရွာအုပ်စု ၊ မထောခူကျေးရွာအုပ်စု  ၊ နွားလဝိုးကျေးရွာအုပ်စု ၊ ချိကယ်ကျေးရွာအုပ်စု ၊  ဒီးမော့ဆိုမြို့နယ်ရှိ ကျွန်းတောကျေးရွာအုပ်စု ၊ ဘုရားဖြူကျေးရွာအုပ်စု ၊ အိုကေကျေးရွာအုပ်စု ၊  ဒေါဘူးကူးကျေးရွာအုပ်စု ၊ ဖရူဆိုမြို့နယ်ရှိ မြို့မကျေးရွာအုပ်စု ၊ ဟိုယာကျေးရွာအုပ်စု ၊ ညောင်ဇင်ရပ်ကွက်နှင့်ထီးတရဲရပ်ကွက်တို့ရှိတောင်သူများအား နေကြာစိုက်ဧက(၂၀၀၀)အတွက် နေကြာမျိုးစေ့များအခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ပေးအပ်မှုများအတွက် ဆောင်းနေကြာ စိုက်တောင်သူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် ဆောင်းနေကြာစိုက်တောင်သူများအား ယူရီးယားဓါတ်မြေဩဇာအိတ်(၂၀၀၀)ကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။