အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ကရာတေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစား နည်းပြများ ၊ အားကစားသမားများ ၊ အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင်
နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက် မြင့်မားစေရေး၊ ပြည်နယ်အတွင်းရှိ ထူးချွန် ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ် လေ့ကျင့်ရွေးချယ်နိုင် ရေး ၊ ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ၊  ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံထူးချွန်သည့် လူတော်လူကောင်းများ ပေါ်ထွက်လာ စေရန် လူငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ထောက်ပံ့ပေးလျက် ရှိကြောင်း ၊ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်မှန်းပြီး သက်ဆိုင်ရာဦးစီးဌာနများနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကြိုးစား ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။
          ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘောလခဲမြို့နယ်(ခ)အသင်းနှင့် ဖားဆောင်းမြို့နယ်(က)အသင်း ကိုယ်စားပြု ယှဉ်ပြိုင်ကြသည့် အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်အား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားများအားလည်းကောင်း ၊ နှစ်သိမ့်ဆုရရှိသည့် မြို့နယ်ကိုယ်စားပြု အသင်းများအားလည်းကောင်း ၊  ပူးတွဲတတိယဆု ရရှိသည့် လွိုင်ကော်မြို့နယ် (က) အသင်းနှင့် လွိုင်ကော်မြို့နယ် (ခ) အသင်း ၊  ဒုတိယဆုရရှိသည့် ဘောလခဲမြို့နယ် (ခ) အသင်း ၊ ပထမဆုရရှိသည့် ဖားဆောင်းမြို့နယ် (က) အသင်းတို့အား ဆုတံဆိပ် ၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ဆုရအားကစားသမား များနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။