အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၊ လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် အထိမ်းအမှတ် ငွေရတုသဘင်အခမ်းအနား ကျင်းပပြုလုပ်

ကယားပြည်နယ် ၊ လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် အထိမ်းအမှတ် ငွေရတု သဘင်အခမ်းအနားကို ယနေ့နံက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ၊ ကိန္နရာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊  လွိုင်ကော်တက္ကသိုလ် မှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ ၊ ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် သစ်လုံးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ပက်ဖြန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် ဒေသကွပ်ကဲရေးမှူးတို့က လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတု သဘင်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေရတုသဘင်အခမ်းအနား၌ အဖွင့်အမှာ စကားပြောကြားရာတွင် ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ပြီး အသိပညာရှင် ၊ အတတ်ပညာရှင် ၊ ကျွမ်းကျင်ပညာရှင်များ ပေါကြွယ်ဝမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၊  အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရေးကို ဖော်ဆောင်နိုင်ရန် သင်ကြားနည်းစနစ်များကို ဘက်စုံကဏ္ဍစုံမှ လေ့လာဖြည့်ဆည်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၊ ပညာရေးဆိုင်ရာ ဘာသာရပ် များအပြင် ကျောင်းသား ၊ ကျောင်းသူများ ဗလငါးတန် နှင့် ပြည့်စုံစေရန် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားနှင့် ကျန်းမာရေး စသည့် လှုပ်ရှားမှုများကို မျှတစွာ ဆောင်ရွက် ပေးခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ၊  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်တက္ကသိုလ်၏ ဥပဓိရုပ် ကောင်းမွန်ရေး ၊ သန့်ရှင်း သာယာလှပရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ပြည့်စုံစေရေး တို့အတွက် အဖက်ဖက်က ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ လွိုင်ကော်တက္ကသိုလ်၏ ငွေရတုသဘင်မှသည် ရေရှည် တည်တံ့တိုးတက်ပါစေကြောင်းနှင့် တက္ကသိုလ် အကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးတို့ကို တက်ညီလက်ညီ ဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် အထိမ်း အမှတ် ငွေရတုသဘင်အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း ၊ ဒေသကွပ်ကဲရေးမှူး က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သော ဝန်ထမ်းများ၏ သား၊သမီးများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ကိုလည်းကောင်း ၊ ကယားပြည်နယ်အစိုးအဖွဲ့ဝင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစိန်ဦး က အခြေခံပညာ၊ အဆင့်မြင့်ပညာ ကျောင်းများတွင် တက်ရောက်လျက်ရှိသော ဝန်ထမ်းများ၏ သား၊သမီး များအား သင်ကြားရေး အထောက်အကူပြုပစ္စည်းများကို လည်းကောင်း အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဆရာ ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားခဲ့ကာ တက္ကသိုလ်သမိုင်း မှတ်တမ်းဓါတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားအပြီးတွင် သုတေသနစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ၊ ဦးစိန်ဦး က လွိုင်ကော်တက္ကသိုလ်နှင့် ကျွန်တော်၏ အမှတ်တရများ ခေါင်းစဉ်ဖြင့် မိတ်ဆက်စကားပြောြကားခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက်ဌာနအသီးသီးမှ ပါမောက္ခများက သုတေသနစာတမ်းများအား ဖတ်ကြားခဲ့ကြ ကြောင်းသိရသည်။