အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေ (ကယားပြည်နယ် ) စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၆/၂၀၂၃) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့ ၌ ကျင်းပ

နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေ(ကယားပြည်နယ်) စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၆/၂၀၂၃) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်း က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ထုတ်ကုန်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန် အဟုန်ဖြင့်တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ စိစစ်ကာ တောင်သူများ၏ ချေးငွေအဆိုပြုချက်များအား သတ္တမ အကြိမ်အဖြစ် ဆက်လက်ထုတ်ချေးပေးသွားရန် ဖြစ်ကြောင်း ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းများမှ ထွက်ကုန်များကို ဒေသအတွင်းပိုလျှံသည်အထိ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး ၊ တောင်သူများ၏ အကျိုးစီးပွားနှင့် ပြည်သူများ၏ စားရေရိက္ခာလိုအပ်ချက်များကို ပံ့ပိုးနိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေး ၊ တောင်သူများအား ပညာပေးလုပ်ငန်းများကို ထိရောက်ကျယ်ပြန့်စွာ  ဆောင်ရွက်ပေးပြီး လက်တွေ့ဆောင်ရွက်နေမှုများကိုလေ့လာဆန်းစစ်၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများ က ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန ၊ ပြည်နယ်စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းကဏ္ဍအလိုက် တိုးတက်အောင်မြင်အောင် ကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများ ၊ MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ချေးငွေ လိုအပ်ချက်အရ အဆိုပြုလွှာလျှောက်ထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပံ့ပိုးဆောင်ရွက် ပေးမည့်အခြေအနေများ ၊ လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။