အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ ၊ အားကစားကွင်းနှင့် အားကစားရုံများ လှည့်လည်ကြည့်ရှု ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ကြက်တောင်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို ဘက်စုံကဏ္ဍစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများကို လည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း ၊ ဝန်ထမ်းများအနေဖြင့် မိမိကျရာတာဝန် များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ပြည်နယ်အတွင်းရှိ အားကစားဝါသနာရှင်များကလည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက် ရှိသည့် ပြည်နယ်အားကစားနှင့် လူငယ်ရေးရာကဏ္ဍနှင့် ပတ်သက်၍ဆောင်ရွက်နေမှုများ ၊  ပြည်နယ်အတွင်း အားကစားကွင်းများဆောင်ရွက်ထားရှိမှု ၊ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်မှု ၊ အားကစားကဏ္ဍအတွက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ အားဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း အားကစားဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားကွင်း ၊ အားကစားရုံအတွင်းရှိ အားကစားပွဲကြည့်စင်များနှင့် မီတာ(၄၀၀)ပြေးလမ်း တို့အားလှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ကရာတေး အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ကယားပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသား ၊ အမျိုးသမီး အသက် (၂၅)နှစ်အောက် ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံထူးချွန်သည့် လူတော်လူကောင်း များဖြစ်လာစေရန် လူငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း ၊ နိုင်ငံနှင့်ပြည်နယ်ဂုဏ်ကို ဆောင်နိုင်ပြီး ဘက်စုံထူးချွန်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်မှန်းချက်ထားပြီး သက်ဆိုင်ရာ ဦးစီးဌာန နှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။

          ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘောလခဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ကိုယ်စားပြု ယှဉ်ပြိုင်ကြသည့် အမျိုးသား ဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်အား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား ၊ အမျိုးသမီး အားကစားသမားများအားလည်းကောင်း ၊ အမျိုးသမီး ဘောလီဘော ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ဒီးမော့ဆိုမြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း ၊  အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် လွိုင်ကော်မြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း ၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လွိုင်ကော်မြို့နယ် အသင်း ၊ အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဘောလခဲမြို့နယ်အသင်း ၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှားတောမြို့နယ်အသင်းနှင့် အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်အသင်းတို့အား ဆုတံဆိပ် ၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ဆုရအားကစားသမားများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။