အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်ကက်သလစ် သာသနာဆရာတော်များနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း   လွိုင်ကော်ကက်သလစ် သာသနာဆရာတော်များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း   ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူများ၊ လွိုင်ကော်ကက်သလစ်သာသနာ ဆရာတော်များနှင့် သီလရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လွိုင်ကော်ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး ချဲလ်ဆိုဘရွှေက နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြည်သူ များအားလုံးအတူတကွပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၊ ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် ကိုးကွယ်သည့်ဘာသာများ မတူညီ သော်လည်း ဘာသာရေးယုံကြည်ချက်နှင့် ဓလေ့ထုံးတမ်းများကို အခြားဘာသာဝင်များက အပြန်အလှန် လေးစားကာ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရှိအောင်ဘာသာအလိုက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့်    ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လွိုင်ကော်ကက်သလစ်သာသနာအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ် အတွင်းရှိကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် သီလရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကား ပြောကြားခဲ့ကြကြောင်း သိရသည်။