အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံရခြင်းမှာ နိုင်ငံအတွင်းရှိ မိန်းကလေးငယ်များကို ရောဂါပိုးဝင်ရောက် မှုမှ ကြိုတင်ကာကွယ်ရန် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၊  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အသက်(၉)နှစ်နှင့် (၁၀) နှစ် ပြည့်ပြီးသော မိန်းကလေးများကို ထိုးနှံပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလတွင် ကျောင်းအခြေပြုထိုးနှံခြင်းနှင့် အောက်တိုဘာလတွင် ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များဖြင့် ထိုးနှံပေးလျက်ရှိကြောင်း ၊ ပြည်နယ် အတွင်းရှိ ကျောင်းသူများ ၊ ကျောင်းပြင်ပ မိန်းကလေးငယ်များအားလုံး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ လူမှုရေး အသင်း အဖွဲ့များက ဒေသခံပြည်သူများနှင့် အတူတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း အထိမ်းအမှတ် Video Clip အားပြသခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေး အသိပညာပေးဆိုင်ရာပြခန်းများ ၊ ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာ ကွယ်ဆေး(HPV)ထိုးနှံပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေး ထိုးနှံပြီးသော ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့တွင်းလမ်းအပိုင်းများ အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းကျင်းနေမှုများကို သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြပြီး  ပြည်နယ်လမ်းဦးစီးဌာန ၊ ပြည်နယ်ညွှန်ကြားရေးမှူးက ၂ဝ၂၃ - ၂ဝ၂၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်အတွင်းရှိ အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လမ်းတံတားများ တိုးချဲ့ဆောက်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။