အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ၊ နောင်ယားကန်သာယာ၌ ငါးမျိုးစိတ်များစိုက်ထည့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့အတွင်း တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကယားပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ အစည်း အဝေးခန်းမ၌ ဌာနဆိုင်ရာများ ၊  သက်ဆိုင်ရာ တည်ဆောက်ရေး ကုမ္ပဏီဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဝန်ထမ်းအိမ်ရာများ၊   အိမ်ခန်းနေရာချထားမှုများနှင့် ပတ်သက်၍လည်းကောင်း ၊ လွိုင်ကော်ခရိုင် အုပ်ချုပ်ရေးမှူး က အိမ်ရာများ လျောက်ထားသည့် ဝန်ထမ်းများ၏ အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း  ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့်  ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် က တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မှီစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက် သွားကြရန် ဆွေးနွေး ပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြပြီး သက်ဆိုင်ရာ တည်ဆောက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တည်ဆောက်ရေးလုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် လွိုင်ကော်မြို့ ၊ နောင်ယားကန် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး နောင်ယားကန် သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကောင်ရေ (၂)သိန်း(၂)သောင်း (၅)ထောင်အား စိုက်ထည့်ပေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လွိုင်ကော်မြို့နယ်၊ သတ္တပလူကျေးရွာနှင့် မှုံပြာကျေးရွာများမှ ငါးမွေးတောင်သူများ ၊ ဒီးမော့ဆိုမြို့နယ်၊ ကျွန်းတောကျေးရွာနှင့်နန်းစံခန်းကျေးရွာမှ စပါး/ငါးတွဲဖက်မွေးမြူနေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၉)သောင်းအား အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြ သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့ပြီး ဌာနပိုင်မီးသတ်ယာဉ်များ ၊ ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေး ပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။