အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၂၀၂၃ ခုနှစ် ၊ ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊   ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဆရာ ၊ ဆရာမများနှင့် ဆုရ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့အခမ်းအနားကို ပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသနေပြည်သူများ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာများရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ "ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး"(Montreal Protocol: Fixing the Ozone Layer and Reducing Climate Change) ဖြစ်ကြောင်း ၊ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးအတွက် ရိုးရှင်းထိရောက်သော နည်းလမ်းများကို လိုက်နာကျင့်သုံး ကြရမည်ဖြစ်ကြောင်း ၊ အနာဂတ်မျိုးဆက်သစ်များအား ကောင်းမွန်သည့် သဘာဝ ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ သုတေသနပညာ ရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား  ၊ ကျောင်းသူများ အား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုတို့ကိုပြသပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသ ထားသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။