အဓိကအကြောင်းအရာသို့ သွားမည်
x

အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

စက်တင်ဘာ  ၁၅

ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး ကျင်းပပြုလုပ်သည့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နွယ်နီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် အကာအကွယ်ပေးထားသည့် ဥပဒေများအပေါ် မျိုးဆက်သစ်လူငယ် အမျိုးသမီးများ သိရှိနားလည်စေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်ချက် ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားအား ကျင်းပပြလုပ်ပေးခြင်းဖြစ်ပါကြောင်း ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးများအနေဖြင့် သက်ဆိုင်ကဏ္ဍအလိုက် ပါဝင်ထမ်းဆောင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း ၊ အမျိုးသမီးများသည် အမျိုးသားများနည်းတူ အလုပ်အကိုင်များရရှိလာသောကြောင့် ဆင်းရဲမှုကိုလျှော့ချလာနိုင်ခြင်း ၊ အသိအမြင်များ တိုးပွားလာခြင်း ၊ လူကုန်ကူးခံရမှုများ တားဆီးကာကွယ်နိုင်ခြင်း ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်နိုင်ခြင်း စသည့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ၊ မျိုးဆက်သစ်လူငယ် အမျိုးသမီးများ အနေဖြင့်လည်း အမျိုးသားရေးလှုပ်ရှားမှုများ ၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဘောက်နန်က အမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်းအားလည်းကောင်း ၊ ကယားပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းက အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေများအကြောင်းအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နွယ်နီဝင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ သင်တန်းသား ၊ သင်တန်းသူများအတွက် အခြေခံ စားသောက်ကုန်များ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီး ကလက်ခံရယူခဲ့သည်။

          ယင်းနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၊ ကျောင်းအုပ်ကြီးက အဖွဲ့ဝင် အဆိုပြုလွှာအား ပေးအပ်ခဲ့ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးက လက်ခံရယူခဲ့ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၊ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ၎င်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှိ သင်တန်းသား ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။