အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ်(လွိုင်ကော်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့သွားရောက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်း က နည်းပညာ တက္ကသိုလ်(လွိုင်ကော်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့သွားရောက်၍ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူ များသည်  နည်းပညာတက္ကသိုလ်(လွိုင်ကော်)သို့ သွားရောက်ခဲ့ရာ ကျောင်းပရိဝုဏ်အတွင်း ကျောင်းသား (၁၆၀)ဦးဆံ့ နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်နေမှုများကို တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာ တက္ကသိုလ်(လွိုင်ကော်)ကျောင်းဝန်းအတွင်း၌ ကျောင်းသားအိပ်ဆောင်သစ် တည်ဆောက်နေမှုကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးစေရေးနှင့် အရည်အသွေးများ ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန် နှင့် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ နေထိုင်၍ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်ပေးသွား ကြရန် မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကျောင်းအတွင်း တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပပြုလုပ်သည့်  ကျောင်းအုပ်ကြီး ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်

တစ်ထောင့်တစ်နေရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားကြရန်နှင့် ကျောင်းသား လူငယ်များက နိုင်ငံ့နှင့်ပြည်နယ်ဂုဏ်ဆောင် အားကစား ထူးချွန်သူများ၊ လူရည်ချွန်များ ဖြစ်အောင် ကြိုးစားသွား ကြရန်ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ သင်တန်းကျောင်းအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပြီး ဆရာ ၊ ဆရာမများ ၊ သင်တန်းသား ၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသော အားကစားလှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ ၊ အားကစားနည်းများ အလိုက်အသုံးပြုသောပစ္စည်းများ ၊ ကျောင်းဝင်းအတွင်းရှိ သင်တန်းသား ၊ သင်တန်းသူများ၏  အိပ်ဆောင် ၊ စာကြည့်တိုက် ၊ ကွန်ပျူတာခန်းနှင့် အားကစား ခန်းမအတွင်း အားကစားသမားများက  အားကစားနည်းများအလိုက် လေ့ကျင့် ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကာ ပြည်နယ်ဂုဏ်ဆောင် ၊ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် အားကစားသမားများ ဖြစ်အောင်ကြိုးစား သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။