အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲအခမ်းသို့တက်ရောက်ချီးမြှင့်

ကယားပြည်နယ် ၊ ၂၀၂၃ခုနှစ် ၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီ ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်ချုပ်နှင့် ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ ၊ အနုပညာ ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ် ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ပညာရှင်နှင့်ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ(၃၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနား၌ အဆို ၊ အက ၊ အရေး ၊ အတီး ကဏ္ဍ အလိုက် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် မည်ဖြစ်ပါကြောင်း ၊ ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှုဆုတံဆိပ်များကို ပြည်နယ် ဂုဏ်ဆောင်အနေဖြင့် ဆွတ်ခူးရရှိစေရန် မျိုးဆက်သစ်များကို နည်းပြများဖြင့် အနီးကပ် လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များ မတိမ်မြုပ်၊ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးနေခြင်းဖြစ်၍ ပြည်နယ်သူ ပြည်နယ်သား အားလုံးက ဂုဏ်ပြုကြိုဆိုအားပေးရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ၂၀၂၃ ခုနှစ် ၊ ကယားပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်)၌ ဆုရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေ ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဒိုင်ချုပ်နှင့် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြု မှတ်တမ်းလွှာ များကို ပေးအပ်ချီး မြှင့်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိကြသည့် အဆို ၊ အက ၊ အရေး ၊ အတီး အဖွဲ့များ၏ ပြန်လည်ဖျော်ဖြေ တင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရှိသူများ ၊ ဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

 ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြ ကြောင်းသိရသည်။