အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ချီးမြှင့်

ကယားပြည်နယ် ၊ ၂၀၂၃ခုနှစ် ၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီ ၊ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ ၊  ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်ချုပ်နှင့် ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ ၊ အနုပညာ ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

          ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲကို နိုင်ငံတော် အစိုးရက ချမှတ်ပေးထားသည့် ဦးတည်ချက်များနှင့် အညီကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း ၊ လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး ၊ အတွေးခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း တန်ဖိုးထား ထိန်းသိမ်းရန်  တိုက်တွန်းလိုကြောင်း ၊ ပြည်နယ်အဆင့် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲကြီးတွင် ပြည်နယ်အတွင်းရှိ ပညာရှင်နှင့်ဝါသနာရှင်များအနေဖြင့် အဆို၊ အက၊ အရေး၊ အတီး(၄)မျိုးစလုံးကို ယခင်နှစ်ထက် အင်အားပိုမိုဝင်ရောက်ယှဉ်ပြိုင်နိုင်မှုသည် ပြည်နယ် အတွက် ဝမ်းမြောက်ဖွယ်ရာ ဂုဏ်ဒြပ်တစ်ခုဖြစ်ကြောင်း ၊  ပြည်ထောင်စုအဆင့်သို့ ပြည်နယ် ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင်မည့် အနုပညာ အရည်အသွေးပြည့်ဝသည့် အနုပညာရှင် များကို ဒိုင်အဖွဲ့များ အနေဖြင့်လည်း စနစ်တကျ သတ်မှတ်စံများနှင့်အညီ ရွေးချယ်ပေး ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များက အခြေခံပညာတယောအဖွဲ့၏ (ဗိုလ်ရှုသဘင်) တေးသီချင်း ၊ ပန်တျာမူအလှ ယိမ်းအက ၊ အဆို(အမျိုးသား)ရောင်ပေစူးတေးသီချင်း ၊ ရှမ်းတိုင်းရင်းသား ရိုးရာအက ၊ ကယားတိုင်းရင်းသားရိုးရာအက နှင့် အင်းသားတိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများ ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖျော်ဖြေရေးအဆို ၊ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြိုင်ပွဲဝင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြိုင်ပွဲအကဲဖြတ် ဒိုင်ချုပ်နှင့် အကဲဖြတ်ဒိုင် အဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြည်ထောင်စုအဆင့်သို့သွားရောက်ယှဉ်ပြိုင်မည့်  သတ်မှတ်အရည် အချင်းများနှင့် ပြည့်မှီသည့် ပြိုင်ပွဲဝင်များအား စနစ်တကျရွေးချယ်ပေးကြရန်မှာကြားခဲ့သည်။

ကယားပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့် ) ပြိုင်ပွဲကို ယနေ့စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပညာရှင်နှင့်ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ(၃၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြည်နယ်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား၌ အဆို ၊ အက ၊ အရေး ၊ အတီး ကဏ္ဍ အလိုက် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။