အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ အခြေခံပညာကျောင်းများမှ ဆရာ ၊ဆရာမများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ် စွန့်ခွာပြည်သူများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊  အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန် ၊ ဆီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသကွပ်ကဲရေးမှူးတို့က ကယားပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲ ရှောင်ပြည်သူများအား ဆန် ၊ ဆီ  များကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာ ယာယီနေရပ်စွန့်ခွာစခန်း အသီးသီးမှကိုယ်စားလှယ် များက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ယာယီတိုက်ပွဲရှောင် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် လွိုင်ကော်မြို့ ၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင် နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သံလွင်အောင် က ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှုများ ၊ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုများကို Power Point များဖြင့် ရှင်းလင်းတင်ပြ ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်သူ့ဆေးရုံကြီးအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့်  ပြည်နယ်ဝန်ကြီးချုပ်က အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်း မော်နီတာ Medical Grade SONY (LMD-2435MD ) စက်ပစ္စည်းအား ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ပြည်နယ်ပြည်သူ့ဆေးရုံကြီးရှိ လူနာဆောင်များအား လှည့်လည်ကြည့်ရှုကာ လူနာများအား အားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ခြင်း နှင့် ယာယီနေရပ်စွန့်ခွာ မီးဖွားလူနာအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
 
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ပညာရေးမှူးရုံး ၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူးက ပြည်နယ်အတွင်း ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှုအား Power Point ဖြင့်ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူခဲ့ပြီး ဆရာ ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး   ခရိုင် ၊ မြို့နယ် ပညာရေးမှူးများ ၊ ကျောင်းအုပ်ကြီး နှင့် ဆရာ ၊ ဆရာမများကို  ရင်းရင်းနှီးနှီးတွေ့ဆုံ၍  ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျောင်းသား ၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် သင်ကြားပေးကြရန်မှာကြားခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ ၊ ဆရာမများ၏ အခက်အခဲများ ၊ လုပ်ငန်းလိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် မိသားစုအသွင်ဖြင့် လာရောက်တွေ့ဆုံ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပညာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းအတွက် လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကျောင်းဝန်းအတွင်း နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။