အဓိကအကြောင်းအရာသို့ သွားမည်
x

၂ဝ၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် ၂ဝ၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊  ဆရာ ၊ ဆရာမများ နှင့်ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို လွိုင်ကော်မြို့၊  အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများက “တို့အင်တို့အား” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့သည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို  တိုင်းတာရာတွင် ပညာရည် မြင့်မားခြင်းသည်အဓိကလိုအပ်ချက် တစ်ချက် ဖြစ်ကြောင်း ၊ စာပေသည် ပြည်သူများအတွက် အသိလိမ္မာသိုမှီးရာ ၊ ထုတ်ယူသုံးစွဲရာ ပညာဘဏ်တိုက်ကြီးလည်း ဖြစ်ကြောင်း ၊ ယခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်မှာ “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်း ကမ္ဘာကြီး သို့ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဖြစ်ကြောင်း ၊ ကယားပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး ၊ KG+9 ဖြစ်သော အခြေခံ ပညာအလယ်တန်း အဆင့်ပညာရေးပြီးမြောက်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာစေရန် ဆက်လက်သင်ယူသွားနိုင်ရေး ဦးတည် ဆောင်ရွက်လျက် ရှိကြောင်း ၊  တည်ငြိမ်အေးချမ်းသည့် လူ့အဖွဲ့အစည်း ဖြစ်လာစေရေး လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးအောင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း ၊  စာပေတတ်မှ အသိပညာဗဟုသုတတိုးပွားပြီး လူ့ဘောင်အဖွဲ့အစည်းလည်း တိုးတက်နိုင်မည် ဖြစ်၍ ငြိမ်းချမ်းသော ကမ္ဘာသို့ ကူးပြောင်းနိုင်မည်ဖြစ်ရာ စာတတ်မြောက် ရေးကို အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ကယားပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး က ဖတ်ကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် (Video Clip)အားပြသခဲ့ရာ တက်ရောက် လာကြသူများက ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ၊ ကဗျာ ၊ ပန်းချီ ၊ နှင့် ကာတွန်း ပြိုင်ပွဲများတွင် ပြည်နယ်အဆင့်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းများ နှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ရာ ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများက ဆုများ လက်ခံရယူခဲ့ကြသည်။

ထို့နောက် လွိုင်ကော်မြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်း ကျောင်းသား ၊ ကျောင်းသူများက“စာတတ်မြောက်ရေး ဝိုင်းကူပေး"သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး အဖွင့် သီချင်းနှင့်အပိတ်သီချင်းဖြင့် သီဆိုကြသော ကျောင်းသား၊ကျောင်းသူများအား ပြည်နယ် ပညာရေးမှူး က ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ ၊ ဆုရကျောင်းသား ၊ ကျောင်းသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။