အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၊ လွိုင်ကော်တက္ကသိုလ် လူငယ်သီတင်းပတ် ဗလငါးတန် ဖွံ့ဖြိုးရေး အစီအစဉ် ကျင်းပပြုလုပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေး အခမ်းအနားကို ယနေ့နံက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊  လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခများ ၊ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လူငယ်သီတင်းပတ် ဗလငါးတန် ဖွံ့ဖြိုးရေး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေး အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် နိုင်ငံတော်၏ အနာဂတ် ကိုပုခုံးပြောင်း တာဝန်ယူသွားကြရမည်ဖြစ်သည့်အတွက်  ပညာရည် ပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုကြောင်း ၊ ပညာရေးသည် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်၍ နိုင်ငံတော်အနေဖြင့်လည်း လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဘက်စုံပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အတတ်ပညာသာမက အသိပညာပါ ပြည့်စုံပြီး ဗလငါးတန် ပြည့်ဝသည့် လူကောင်းလူတော် များဖြစ်လာအောင်မိဘများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပြုစု ပျိုးထောင် ပေးကြရန် နှင့် ကျောင်းသား ၊ ကျောင်းသူများကလည်း ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ချမှတ်ပြီး နိုင်ငံတော်က အားထားရသည့် သားကောင်း ရတနာများ ဖြစ်အောင်ကြိုးစား ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်တက္ကသိုလ် လူငယ်ရေးရာ သီတင်းပတ် လှုပ်ရှားမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး တက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူများ၏ အဖွဲ့လိုက်သီချင်းများဖြင့်  ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ သီဆိုဖျော်ဖြေတင်ဆက်သွားကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ခဲ့သည်။

ဆက်လက်၍ Project Presentation အဖွဲ့(၁)ကိုယ်စားပြု Project စာတမ်းဖတ်ကြားရာတွင် ပထဝီဝင်ဌာန ၊ ပါမောက္ခ(ဌာနမှူး)က သဘာပတိအဖြစ် ဆောင်ရွက်ကာ ပထဝီဝင်ဌာန ၊ ကျောင်းသူတစ်ဦးက လွိုင်ကော်မြို့ ပထဝီဝင်အနေအထားနှင့် စပ်လျဉ်း၍ မှတ်တမ်းပြုစုထားသည့် စာတမ်းအား ဖတ်ကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်တက္ကသိုလ် ပါမောက္ခများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာသီတင်းပတ်အဖြစ် စက်တင်ဘာလ (၇)ရက်နေ့မှ (၉)ရက်နေ့အထိ လွိုင်ကော်တက္ကသိုလ်၌ ကာယဗလ ၊ ဉာဏဗလ ၊ ဘောဂဗလ၊ စာရိတ္တဗလနှင့် မိတ္တဗလဟူသည့် ဗလငါးတန်နှင့် သက်ဆိုင်သည့်လှုပ်ရှားမှုများဖြစ်သော အသိပညာပေးဟောပြောပွဲများ ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို နေ့အလိုက် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။