အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ် (Youth week) လှုပ်ရှားမှုများ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ် (Youth week) လှုပ်ရှားမှုများ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော်      စက်တင်ဘာ   ၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ် (Youth week) လှုပ်ရှားမှုများ အခမ်းအနားကို ယနေ့နံက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊  လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မှဆရာ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လူငယ်သီတင်းပတ် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက Fitness Dance အကဖြင့် ကပြဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Fitness Dance အကဖြင့်ကပြဖျော်ဖြေ တင်ဆက် ခဲ့ကြသော ကျောင်းသား ၊ ကျောင်းသူ (၁၀၀) ဦးအတွက် ဝတ်စုံစရိတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်သီတင်းပတ် (Youth week) လူငယ် လှုပ်ရှားမှုများ အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို ပြည်နယ်၏ အနာဂတ်အတွက် ဦးဆောင်နိုင်သည့် အရည်အသွေးပြည့်ဝသော ဆရာ ၊ ဆရာမ ကောင်းများ ပေါ်ထွက်လာစေရန် ၊  ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၊ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များ ကိုပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ၊ ၂၁ရာစု ပညာရေး သည် ဗလငါးတန် ဖွံ့ဖြိုးမှုမှအစပြုပြီး ဘက်စုံပညာရေး ဖွံ့ဖြိုးမှုအထိ ဦးတည်လျက်ရှိကြောင်း၊ သင်တန်းသား ၊ သင်တန်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ် လူငယ်လူရွယ် ဆရာ ၊ ဆရာမများ ဖြစ်လာအောင် ကြိုးစားလေ့ကျင့် သင်ယူသွားကြစေ လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ၏ စားသောက်စရိတ်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများ ဖျော်ဖြေတင်ဆက်သည့်  ဦးရွှေရိုးနှင့်ဒေါ်မိုး အက ၊ လက်ပံပွင့်ကောက်သီချင်းအက ၊ Zumba အက ၊ ပန်းကမ္ဘာမျှော်စင်သီချင်း အက ၊ The Farmer in the Deil တေးသရုပ်ဖော်အက ၊ The Hare & The Tortoise ပုံပြင် တေးသရုပ်ဖော်အက ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးပညာပေး "နွံ" ပြဇာတ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက သီဆိုကပြဖျော်ဖြေတင်ဆက်သွားကြသော ကျောင်းသား၊ ကျောင်းသူအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။

လူငယ်သီတင်းပတ် (Youth week) ဖြစ်သည့် စက်တင်ဘာလ (၄)ရက်နေ့မှ (၈)ရက်နေ့အထိ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်၌ ကာယဗလ ၊ ဉာဏဗလ ၊ ဘောဂဗလ၊ စာရိတ္တဗလနှင့် မိတ္တဗလဟူသည့် ဗလငါးတန်နှင့် သက်ဆိုင်သည့်လှုပ်ရှားမှုများအဖြစ် ဈေးရောင်းပွဲတော် ၊ အသိပညာပေးဟောပြောပွဲများ ၊ အားကစားပြိုင်ပွဲများ ၊ ညစာစားပွဲနှင့် ပျော်ပွဲရွင်ပွဲများကို နေ့အလိုက် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။