အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းကျင်းနေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပြည်နယ်အတွင်းလမ်းများ၏ လမ်းအရည်အသွေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြည့်စုံမှန်ကန် ကိုက်ညီမှု ရှိစေရေးနှင့် လမ်းအဆင့်မြှင့်တင်ရေးတို့အတွက် ပြည်နယ်လမ်းဦးစီး မှထေးဌားလျားကန်နှင့် လွိုင်ကော်တက္ကသိုလ်ကြားရှိ ဖဖော်လမ်း ၊ အဆင့်မြှင့် ကတ္တရာ ကွန်ကရစ်ခင်း ကျင်းနေမှု များကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့သို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက  ဖဖော်ကတ္တရာ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ဆက်စပ်လုပ်ငန်း ဖြစ်သော လမ်းပုခုံးခင်း နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများ ပိုမိုအဆင်ပြေ ချောမွေ့စွာ ယာဉ်အသုံးပြုသွားလာနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်တက္ကသိုလ်အနီးရှိ အများပြည်သူများအပန်းဖြေရာ ထေးငှားလျားကန်သာယာနှင့် ဘဲကန်များသို့သွားရောက်၍ ကန်များအတွင်း အမှိုက်သရိုက်နှင့်ရေမှော် ၊ ဒိုက်များကင်းစင်စေရေး ၊ ကန်ပတ်လမ်းများ သန့်ရှင်းသာယာ လှပစေရေးနှင့် ပြည်သူများကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစား လှုပ်ရှားဆောင်ရွက်ရာ နေရာတစ်ခု ဖြစ်သော လွိုင်ကော်ကန္တရဝတီဂေါက်ကလပ်သို့ ဆက်လက်သွားရောက်ကာ ဂေါက်ကလပ်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် နေရာများ ၊ အဆင့်မြင့် ဆောင်ရွက်ပေးရမည့် နေရာများကို ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ပြီး ပြည်သူများ အေးချမ်းပျော်ရွင်စွာ အားကစားလှုပ်ရှား ဂေါက်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။