အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  အဖွင့်အမှာစကားပြောကြာရာတွင် ကယားပြည်နယ်     ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီက ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများကြောင့် ပြည်သူများ၏ အသက် အန္တရာယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရေးမှသည် ပပျောက်သည်အထိ မျှော်မှန်းပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အစီအမံများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို ပြည်သူများ သိရှိလိုက်နာဆောင် ရွက်နိုင်စေရေးအတွက် နယ်ပယ်စုံမှ ကျယ်ပြန့်စွာ  အသိပညာပေးခြင်း ၊ ထိရောက်စွာ စစ်ဆေးခြင်း ၊ အရေးယူခြင်းတို့ကို အဆင့်လိုက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊   ပြည်နယ် အတွင်းလမ်းများ၏ လမ်းအရည်အသွေး ဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း တစ်ပြေးညီ ပြည့်စုံ မှန်ကန်ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အမျိုးသားယာဉ်အန္တရာယ် ၊ လမ်းအန္တ ရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၃၀) နှင့်အညီအပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်ပြည်သူ များက ပူးပေါင်းပါဝင်မှုဖြင့်   လုပ်ငန်းစဉ်များ အောင်မြင်စေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ  ဒုတိယ ဥက္ကဌ (၂)ဦး ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ပြည်နယ်အတွင်း ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး  ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

 ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးအကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။