အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၃ ခုနှစ် ၊ ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် ၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များနှင့် ရပ်မိရပ်ဖများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ၊ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညို ကြပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် တာဝန်ရှိသူများက သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ အခမ်းအနားကို ရုတ်သိမ်းကြသည်။
ယနေ့ ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၂၂၆)ကျောင်းမှ ရဟန်း ၊ သာမဏေ(၁၅၀၃)ပါးနှင့် လွိုင်ကော်မြို့နယ်ရှိ သီလရှင်ကျောင်း (၃)ကျောင်းမှ သီလရှင်(၄၁၇)ပါး  ရဟန်း ၊ သာမဏေနှင့် သီလရှင်စုစုပေါင်း (၁၉၂၀)ပါး တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။