အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးနှင့် ထုတ်ကုန်တိုးတက်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးနှင့် ထုတ်ကုန်တိုးတက်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါကြွယ်ဝရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများ၏ အကျိုးစီးပွားနှင့် ပြည်နယ်အတွင်း စားရေရိက္ခာလိုအပ်ချက်များကို ပံ့ပိုးနိုင်ရေး ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဒေသအလိုက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အကျိုး ၊ လုပ်ငန်းတိုးတက်မှုအကျိုးများအပေါ် အခြေခံ၍ စီမံချက်ရေးဆွဲပြီး မြေပြင်တွင်လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေး ၊ ရည်မှန်းချက် အထွက်နှုန်းတိုးတက်စေရေး ၊ မြေကိုအကျိုးရှိစွာအသုံးချနိုင်ရေး ၊ သီးထပ်စနစ် ဖြင့်ဒေသအတွင်း ပိုလျှံသည်သာမက ပြည်ပပို့ကုန်အဖြစ် တန်ဖိုးမြင့်ကုန် ထုတ်လုပ်နိုင်ရေး ၊ စက်မှုလယ်ယာကဏ္ဍနှင့် အသေးစားရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများက ပြည်သူလူထုပူးပေါင်း ပါဝင်မှုဖြင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာအသီးသီးက မိမိကဏ္ဍများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေး မည့်အခြေအနေများ  ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ ကြောင်းသိရသည်။