အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာအမျိုးသမီးများနေ့ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၃ခုနှစ် ၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင်  နိုင်ငံတော်အနေဖြင့် မြန်မာအမျိုးသမီးများ အားလုံးနိုင်ငံတော်တည်ဆောက်ရေး ၊ နယ်ပယ်စုံ ကဏ္ဍစုံတွင် ကျား/မတန်းတူညီမျှရေး ၊ စွမ်းဆောင်ရည်မြင့်မားရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး ၊ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒများ ၊ လုပ်ငန်းတာဝန်များ ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများအတွက် အသက်မွေးဝမ်း ကျောင်းပညာများ ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အကာအကွယ်ပေးရေး ဆိုင်ရာလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေကြောင်း ၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးကို ပိုမိုမြှင့်တင်ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အမျိုးသမီး ခေါင်းဆောင် စွမ်းစွမ်းတမံဆုရ ပြည်နယ်ကြက်ခြေနီအသင်းမှဒေါ်ထက်အိဝေနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကယားပြည်နယ်အတွင်း အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူ မသင်းနန္ဒီစိုး တို့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ရွှေလက်ဝါးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ လူငယ်မောင်မယ်များမှ “ပအိုဝ့်သီချင်း”ဖြင့်လည်းကောင်း ၊ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်များမှ “ထာဝရသစ္စာ” သီချင်းဖြင့် လည်းကောင်း အသီးသီးကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များ အား ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရသူများ၊ အကအဖွဲ့ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အမျိုးသမီးရေးရာအဖွဲ့ ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြောင်းသိရသည်။