အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် လွိုင်ကော်ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်သစ် မိတ်သဟာယပြုတွေ့ဆုံခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော်ကက်သလစ် သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်သစ် ဘိသိက်မင်္ဂလာ ပေးခြင်း ၊ ပလ္လင်အပ်နှင်း ဝတ်ပြု ဆုတောင်းခြင်းနှင့်မိတ်သဟာယပြုခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ နောင်ယား(ခ)ရပ်ကွက် ၊ ခရစ်တော်ဘုရင်ဗဟို ဘုရားကျောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ဘုန်းတော်ကြီး ဘယ်နာဒီးနိုနဲနယ်က အဖွင့်ဆုတောင်း မေတ္တာပို့သခဲ့ပြီး လွိုင်ကော်ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်သစ် ချဲလ်ဆိုဘရွှေ က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကြိုဆိုဂုဏ်ပြုစကား ပြောကြားရာတွင်  ကယားပြည်နယ် လွိုင်ကော်ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်အသစ် ခန့်အပ်လာခြင်းအတွက် ကစ်သလစ်ဘာသာဝင် များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ကလည်း အထူးပင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ၊ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ဘာသာတရား အားလုံး နှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း ၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြည်သူများနှင့်အတူ အချင်းချင်း ပေါင်းစည်းညီညွတ်ပြီး တည်ငြိမ်အေးချမ်းသည့်ပြည်နယ် ဖြစ်လာစေရန် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများက မေတ္တာတရားဖြင့် အချင်းချင်းဖေးမကူညီကြလျှင် တည်ငြိမ်အေးချမ်းသော လူမှုဘဝကို ရရှိကြပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ဖြစ်လာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လွိုင်ကော်ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်သစ် ချဲလ်ဆိုဘရွှေက ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား မေတ္တာ လက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာဒီနယ်ချားစ်လ်မောင်ဘို ၊ ပုပ်ရဟန်း မင်းကြီး၏ ကိုယ်စားလှယ်တော်နှင့် ကက်သလစ်ဂိုဏ်းချုပ် ၊ ဂိုဏ်းအုပ် သာသနာ အသီးသီးမှ ဆရာတော်ကြီးများအား မေတ္တာလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြသည်။

၎င်းနောက် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ် ချားစ်လ်မောင်ဘိုက ဝမ်းမြောက်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်းသိရသည်။