အဓိကအကြောင်းအရာသို့ သွားမည်
x

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက် နေကြောင်း ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အနာဂတ် လူသားအရင်းအမြစ်များ ဖြစ်သော ကျောင်းသား လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သက်ဆိုင်ရာ ဌာနများက အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်၏ ရည်မှန်းချက်အရ ပြောင်းလဲလာသည့် မူးယစ်ဆေးဝါး ပြဿနာများ အပေါ်သုံးသပ်ပြီး အမျိုးသားရေး အသိစိတ်ဓါတ်ဖြင့် သက်ဆိုင်ရာဌာနများက တိုင်းရင်းသား ပြည်သူများ၏ အတူတကွပူးပေါင်း ပါဝင်မှုအားဖြင့် ထိထိရောက်ရောက် ဝိုင်းဝန်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သော သဝဏ်လွှာအား ကယားပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမြင့်ဝေက ဖတ်ကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ ၊ ဝတ္ထုတို ၊  ဆောင်းပါးနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး ခင်းကျင်းပြသ ထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆောင်ရွက်ချက် မှတ်တမ်းများ ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲဝင်ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ ၊ ဝတ္ထုတို ၊ ဆောင်းပါးနှင့် ကဗျာများအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။