အဓိကအကြောင်းအရာသို့ သွားမည်
x

ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ လွိုင်ကော်မြို့၌ကျင်းပ

ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်း ကလွိုင်ကော်မြို့၊နောင်ယား(ခ)ရပ်ကွက်ရှိ နေကြာစိုက်ခင်းတွင်  ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေက ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများ အားရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့နှင့် နေကြာ မျိုးစေ့များအား စိုက်ပျိုးတောင်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြပြီး ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
စိုက်ခင်းအတွင်း နေကြာမျိုးစေ့မစိုက်ပျိုးမီ မြေဆီလွှာ၏ ဂုဏ်သတ္တိ ကောင်းမွန်စေရန် ထည့်သွင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း ၊ ယင်းသို့စိုက်ပျိုးခြင်းဖြင့် ဓါတ်မြေဩဇာ သုံးစွဲမှု လျှော့ချ နိုင်မည်ဖြစ်ကြောင်း ၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာအား မြေနေရာ မရွေး စိုက်ပျိုးနိုင်ခြင်း ၊ မြေတွင်း အာဟာရဓါတ်ကြွယ်ဝ၍ မြေဩဇာအဖြစ်အသုံးပြုနိုင်ခြင်း ၊ သီးနှံအထွက်နှုန်းများ တိုးတက်လာစေခြင်း ၊ ဓါတ်မြေဩဇာ သုံးစွဲမှုလျော့နည်း၍ ကုန်ကျစရိတ်သက်သာခြင်း အကျိုးကျေးဇူး များကိုရရှိစေနိုင်ကြောင်း ၊ ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာများကို ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း စိုက်ပျိုးထားရှိကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။