အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ်  စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ ၊ သင်တန်းကျောင်းများ ၊  ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ပရိဝုဏ် အတွင်း ၊ ဆေးရုံ အဆောက်အဦနှင့် လူနာဆောင်များတွင် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ ၊ စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းစေရေး ဆောင်ရွက်နေမှုများ ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများကိုထားရှိသည့် သီးသန့်ဆောင်များကို ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ထားရှိဆောင်ရွက်နေမှုများ ၊  ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေနှုတ်မြောင်း ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
  ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။