အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃) လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊   ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက်အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ၊  စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော  အဆင့်မြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ၊ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ပုဂ္ဂလိက လုပ်ငန်းရှင်များက အဓိကအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၊ သမဝါယမ ကုန်ထုတ်လုပ်မှု အသင်းများစနစ်တကျ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန်ဖြစ်ပြီး လုပ်ငန်းရှင် များ၏ လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့က အပြည့်အဝ ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်စက်မူလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့က  သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အလိုက်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ  ၊ One Region One Product လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် နေမှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ ၊ ဌာနဆိုင်ရာများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ လုပ်ငန်း လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။