အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို အခြေခံပညာကျောင်းများ၌ ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် အဖွဲ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများ ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ၊ စာရေးစားပွဲ ၊ ထိုင်ခုံနှင့် သင်ကြားရေးဆိုင်ရာပရိဘောဂများ  ပြုပြင်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများအားလုံးနှင့် သက်မွေးပညာ ကျောင်းများ သန့်ရှင်းသာယာ လှပရေး ၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ် ကောင်းမွန်စေရေး ၊ စာသင်ခန်းများနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိနိုင်ရေးတို့ အတွက် ဆရာ ၊ ဆရာမများက သက်ဆိုင်သည့် ဌာနများ ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ၊ ဆရာ ၊ ဆရာမများက ဘက်စုံပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။