အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၃ခုနှစ် ၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်

၂၀၂၃ခုနှစ် ၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ လွိုင်ကော်တက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းမှ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး ဇီဝမျိုးစုံ ၊ မျိုးကွဲများ ထိန်းသိမ်း နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ပြည်နယ်အတွင်းရှိ အများပြည်သူများနှင့် သက်ဆိုင်သည့် မြေလွတ်မြေလပ်များတွင် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် မိမိပြည်နယ်ကို ပတ်ဝန်းကျင် ‌ရေရှည်ကောင်းမွန်သည့် ပြည်နယ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနှိုင်းသဖြင့် သဘာဝဘေးအန္တရာယ် များမှကာကွယ်နိုင်မည်ဖြစ်ကြောင်း ၊ ပတ်ဝန်းကျင် ၊ ရေ ၊ မြေ ၊ ရာသီဥတု အခြေအနေနှင့် သဟဇာတဖြစ်သော သစ်မျိုးများကို ဦးစားပေး စိုက်ပျိုးရန်နှင့် စိုက်သမျှ အပင်များရှင်သန်ရန် ရာသီအလိုက်ဆက်လက် ပြုစုထိန်းသိမ်း ပေးရမည်ဖြစ်ကြောင်း ၊ ပြည်သူလူထု ပူးပေါင်းပါဝင် သောလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုး ပွဲတော်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များ ကိုဖြန့်ဝေပေးအပ်ရာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းအုပ်ကြီးနှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပြီးသစ်ပင် စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက ပျော်ရွင်စွာ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ ၊ ကြီးမြန်သစ်မျိုးများ ၊ အရိပ်ရသစ်မျိုးများ ပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၀၀၀၀)ကို ပျိုးထောင်ထားပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့မိုးရာသီ အကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်တွင် သစ်မျိုး(၁၁)မျိုး ၊ အပင်အရေအတွက် (၁၂၀၀)ပင်ကို သစ်ပင်စိုက်ပျိုး ပွဲတော်သို့ တက်ရောက်လာကြသည့် အင်အား(၃၂၀)ကျော်တို့က ပျော်ရွင်စွာဖြင့်စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။