အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့နှင့်တွေ့ဆုံ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ တက်ရောက်လာကြသော ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့များက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် နိုင်ငံတော်၏ အရန်အင်အားအဖြစ် လူမျိုး ၊ ဘာသာ ၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားပဲ ပြည်သူ တစ်ရပ်လုံးကို ကိုယ်စွမ်း ၊ ဉာဏ်စွမ်းရှိသမျှ ကယ်တင်ကူညီ စောင့်ရှောက်နေသည့် အသင်းကြီးဖြစ်ကြောင်း ၊ ထင်ရှားသော ဆောင်ရွက်ချက်များအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့် အခြားသော အရေးပေါ် ကိစ္စရပ်များ ၊ ပြည်သူလူထုအတွက် ကျန်းမာရေး ၊ လူမှုကာကွယ်ရေး လုပ်ငန်းများတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှု အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်သည့် အသင်းအဖွဲ့ဖြစ်ကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်ကယားပြည်နယ် ကြက်ခြေနီ အသင်းကြီး၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက် နေမှုအပေါ် လိုအပ်သည့် ပံ့ပိုးကူညီမှု များကိုထောက်ပံ့ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ၊ ပြည်နယ်ကြက်ခြေနီ အသင်းအနေဖြင့် မျိုးဆက်သစ် လူငယ်များ ပိုမိုပါဝင်လာအောင် စည်းရုံးပြီး ပြည်နယ်အတွင်း လူမှု ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အား တိုက်ပါဝင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ပြီး ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရေးအတွက် ပြည်နယ်ကြီးကြပ်မှုကော်မတီနှင့် တပ်ဖွဲ့ဝင်များအား  ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်းသိရသည်။