အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်)နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်)နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ လွိုင်ကော်တပ်နယ် ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပညာရေးဌာနမှ ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံသားများ၏ ပညာရည် မြင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး ပညာရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ဘက်ပေါင်းစုံ မှစီစဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း ၊ ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ (KG+9) အောင်မြင်ထားသော ကျောင်းသား ၊ ကျောင်းသူများ တက်ရောက် ပညာသင်ယူနိုင်ရန် သက်မွေး ပညာရပ် တစ်ခုဖြစ်သည့် စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်)ကို  လွိုင်ကော်မြို့တွင် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ၊ ကျောင်းသား ၊ ကျောင်းသူများ အတန်းပညာ ၊ အတတ်ပညာနှင့် အသိပညာများ မြင့်မားလာစေရေးအတွက် သက်ဆိုင်ရာ ဌာနများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းသားမိဘများက ပူးပေါင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လွိုင်ကော်မြို့၌ စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်) နှင့်    ကယားပြည်နယ်အတွင်း အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍  Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီ ဖြည့်ဆည်းပေးမည့် အခြေအနေများ ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့သည်။

စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက် မှစ၍ သင်ကြားပို့ချပေးသွားဖြစ်ကြောင်း ၊ ကျောင်းဝင်ခွင့်လျှောက်လွှာများကို ၂၀၂၃ခုနှစ် မေ ၅ ရက် မှ ၁၈ ရက်အထိ လျှောက်လွှာတင်သွင်းနိုင်ရန် ကြေညာထားရှိကြောင်းသိရသည်။