အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ကယားပြည်နယ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ လွိုင်ကော်မြို့ ၊ အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌  ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ နည်းပြများနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အကြားအလပ်မရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသတိုင်းရင်းသူများ၏ မိသားစုဘဝမြင့်မားလာစေရေးနှင့် မိမိနိုင်ငံအတွင်း လုပ်ကိုင် စားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ အခမဲ့အသက်မွေးပညာ သင်တန်းများကို တာဝန်ယူ ဖွင့်လှစ်ပေး လျက်ရှိကြောင်း ၊  အခြေခံသင်တန်းများ ပြီးမြောက်ပါက အဆင့်မြင့်သင်တန်းများ ဆက်လက် တက်ရောက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဌာနများ ၊ အထည်ချုပ် လုပ်ငန်းရှင်များ နှင့်ချိတ်ဆက်၍ အလုပ် အကိုင်ရရှိစေရေးအတွက် စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း သင်တန်းသူများ၏ အသက်မွေးဝမ်းကြောင်းပညာနှင့် အလုပ်အကိုင်များ ရရှိစေရေးအတွက် ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ သင်တန်းသူများအနေဖြင့် ပြည်နယ်၏ ယဉ်ကျေးမှု အစဉ်အလာ ကိုဆက်လက်ထိန်းသိမ်းပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ဘာသာရပ်များ ၊ နေထိုင်စားသောက်ရေး ကိစ္စရပ်များအတွက် ဆောင်ရွက် ပေးသွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလအတွင်း သင်တန်းသူများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်(၁၆)သိန်း(၅)သောင်းကို ပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ(၂)ဦးက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။

 ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက       အိမ်တွင်းမှုသင်တန်းကျောင်းမှ ခင်းကျင်း ပြသထားသော သင်ထောက်ကူပစ္စည်းများ ၊ အိမ်တွင်းမှုသင်တန်းကျောင်း၏ ခေတ်မီဒီဇိုင်း လက်ရာများ ကိုလည်းကောင်း ၊ စာတွေ့လက်တွေ့သင်ကြားပို့ချမည့် သင်တန်းခန်းမများ ၊ အိပ်ဆောင်များ ၊ အိမ်တွင်းမှုလုပ်ငန်းပစ္စည်းများအရောင်းဆိုင်နှင့် စာကြည့်တိုက်တို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးအတွင်းရှိ ဌာနပိုင် စက်ယန္တရားများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ထိန်းသိမ်း ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ ကြောင်းသိရသည်။