အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

ကယားပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေး အန္တရာယ်ကျရောက်မည်ဆိုပါက ပြည်သူများ ဆုံးရှုံးမှုအနည်းဆုံးအဖြစ် ကျော်လွှားနိုင်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မဖြစ်မနေ စတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ ကူညီကယ်ဆယ်ရေး ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂)ခုနှစ်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် တည်မြဲအမိန့် ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများ ပေါင်းစပ်၍ စနစ်တကျစီမံ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ဦးအံ့မော်က သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်ထားရှိသည့် အစီအမံများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ အလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။