အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားသို့တက်ရောက်

ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်း အနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘင်ခရာတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်မီးသတ်ဝန်း ၊ စစ်ရေးပြကွင်း အလေးပြုခံစင်မြင့်ရှိ ပြည်နယ်ဝန်ကြီးချုပ်အား မီးသတ်တပ်ဖွဲ့ဝင်များက အလေးပြုခြင်း ၊ နိုင်ငံတော်အလံအား အလေးပြုခြင်း ၊ ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းနှင့် သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုခံ မီးသတ်တပ်ဖွဲ့ဝင် များအား စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အကျိုး ၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း ၊ မီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ ခိုင်မာသော အရန်အင်အား ဖြစ်စေရေး အတွက် လေ့ကျင့်ဖွဲ့စည်း၍ တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်တင်ခြင်း ၊ ရှာဖွေ ကယ်ဆယ်ရေးနည်းပညာ ၊ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာပြီး အမြဲမပြတ် တပ်ဖွဲ့အလိုက်စုဖွဲ့ လေ့ကျင့်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း ၊ မီးသတ်တပ်ဖွဲ့ဝင် များ၏ စွမ်းဆောင်မှုတိုင်းသည် ပြည်သူများ၏ နေထိုင်မှု ဘဝလုံခြုံရေးမှ အစပြု၍ နိုင်ငံတော် တည်ဆောက်ရေးအထိ အကျုံးဝင်ကြောင်း ၊ မီးသတ်လုပ်ငန်းသည် တစ်ဦးတစ်ယောက်ထဲမရပဲ မီးသတ်တပ်ဖွဲ့ ဝင်များ ၊  တာဝန်ရှိသူများနှင့် ပြည်သူများ၏ စုပေါင်း စွမ်းအားဖြင့် ဆောင်ရွက်မှသာပိုမို အောင်မြင်နိုင် ကြောင်း ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဝင်များ၏ အထပ်မြင့်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ အသုံးပြုသည့် ကြိုးဆင်း စနစ်များဖြစ်သည့် ကြိုးတစ်ချောင်းဖြင့် အထပ်မြင့်အားကြိုးတက်နည်း ၊ အဆောက်အဦ တစ်ခုနှင့်တစ်ခုအား ကြိုးကူးနည်း ၊ ရိုးရိုးကြိုးဆင်းနည်း ၊ ဇောက်ထိုးဆင်းကူးပြောင်းနည်း ၊ အပြေးဆင်းနည်း ၊ လူနာဖြင့်ကယ်ဆယ်နည်း ၊ အလွတ်ခုန်ကြိုးဆင်းနည်း ၊ ဆီဘောက်ဆာ မီးလောင်မှု ၊ Gas မီးလောင်မှုများအား မီးငြှိမ်းသတ်နည်း ၊ ရေကာလာစုံဖြင့် အလှပြသနည်း များနှင့် “ရဲဝံ့စွန့်စား မီးသတ်သမား” ဗီနိုင်းဆိုင်းဘုတ်အား ကြိုးဖြင့်ဆင်း၍ သရုပ်ပြနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ရာ ပြည်နယ်မီးသတ် ဦးစီးမှူး ဦးမြကြိုင်က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေး ပစ္စည်းများနှင့်ရှာဖွေ ကယ်ဆယ်ရေး သုံးပစ္စည်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။